ကစ္စည်းသဒ္ဒါကြီးဟူသည်မှာ

Sharing is caring.

မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် ဓမ္မက္ခန္ဓာများကို ပါဠိဘာသာဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ ထို့ကြောင့် ပိဋကတ်သုံးပုံ၏ အနှစ်သာရများကို အပြည့်အဝ ရရှိခံစားနိုင်ရန် သဒ္ဒါကျမ်းသည် အခြေခံအကျဆုံး ဖြစ်ပါသည်။ သဒ္ဒါကျွမ်းမှသာ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို အလွယ်တကူ လေ့လာနိုင်ပေသည်။

မှတ်ဉာဏ်ကောင်းလွန်း၍ ပိဋကတ်သုံးပုံ (စာမျက်နှာပေါင်း ၁၆၇၅၅ မျက်နှာ) ကို အာဂုံဆောင်နိုင်စေကာမူ သဒ္ဒါအခြေခံမရှိ၍ ပိဋကတ်တော်၏ အဓိပ္ပါယ်ကိုမသိလျှင် ဆင်ကန်းကြီးတောတိုးသည်နှင့်တူကြောင်း ပညာရှိတို့ မှတ်ချက်ပြုကြသည်။

သာသနာ့သမိုင်းတစ်လျှောက်၌ သဒ္ဒါကျမ်းအမျိုးမျိုး ပေါ်ထွက်ခဲ့ရာ အရှင်မဟာကစ္စည်းမထေရ်မြတ် (အရှင်ကစ္စာယန) ပြုစုတော်မူခဲ့သော ကစ္စည်းသဒ္ဒါကြီးကျမ်းသည် ရှေးကျသော ကျမ်းဖြစ်ခြင်း၊ ရွတ်ဖတ်၍ ချောမောပြေပြစ်ခြင်း စသောဂုဏ်တို့ကြောင့် အထင်ရှားဆုံး ဖြစ်သည့်အပြင် အသုံးအများဆုံးလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ အများသုံးသင်ရိုးကျမ်း ဖြစ်သဖြင့် ယင်းကျမ်းနှင့်ကင်း၍ မရပေ။ ကစ္စည်းကျမ်းကို အခြေခံ၍ အခြားသဒ္ဒါကျမ်းများမှ လိုအပ်ရာရာ ဖြည့်စွက် သင်ကြားနေကြရပေသည်။

ကစ္စည်းသဒ္ဒါကြီးကျမ်းကို ဖွင့်ဆိုရေးသားထားသော ကျမ်းများလည်း များစွာပေါ်ပေါက်ခဲ့သည်။ ဖွင့်ဆိုရေးသားထားသောကျမ်းများ မည်မျှပင်များသည်ဖြစ်စေ ခေတ်၏တောင်းဆိုချက်အရ လိုအပ်ချက်ကား ရှိနေဦးမည်သာ ဖြစ်သည်။

ကစ္စည်းသဒ္ဒါကြီး ကျမ်းပြုပုဂ္ဂိုလ်နှင့် ကျမ်းပြုရာကာလတို့ကို အယူအဆမတူ ကွဲပြားမှုများရှိသည်-

၁။ နျာသ စသော ရှေးကျသည့် ကစ္စည်းအဖွင့်ကျမ်းများက ဗုဒ္ဓလက်ထက် ဧတဒဂ်ရ အရှင်မဟာကစ္စည်းမထေရ် ပြုစုသည်ဟု မိန့်ဆိုသည်။

၂။ ခေတ်မီ ပညာရှင်အချို့ကမူ-

သက္ကမန္ဓာတာဒီနဉ္စသုတ်၊ ကိဿ က ဝေ စ သုတ်၊ ကိံ သ္မာ ဝေါ သုတ်တို့လာ ဒေဝါနံ ပိယတိဿ ပြယုဂ်၊ ယော ကရောတိ သကတ္တာသုတ်လာ ဥပဂုတ္တေန မာရော ဗန္ဓော (အရှင်ဥပဂုတ်သည် မာရ်မင်းကို တုပ်နှောင်ဖွဲ့ထားအပ်၏။) ပြယုဂ်တို့ကို အထောက်အထားပြု၍ အသောကခေတ်ထက် မစောနိုင်ဟု ယူဆကြသည်။

ကစ္စည်းသဒ္ဒါကျမ်း၌ သုတ်၊ ဝုတ္တိ၊ ဥဒါဟရုဏ်ဟူ၍ သုံးမျိုးရှိရာ သုတ်ကိုသာ အရှင်ကစ္စည်းစီရင်၍ ဝုတ္တိကို အရှင်သံဃနန္ဒီ၊ ဥဒါဟရုဏ်ကို အရှင်ဗြဟ္မဒတ္တ စီရင်သည်ဟုလည်း ပြောစမှတ် ပြုကြပါကြောင်း။

Ye Min Thu

ကိုးကား-

၁။ အရှင်ဇနကာဘိဝံသ အခြေပြုသဒ္ဒါ

၂။ အရှင်တိလောကာဘိဝံသ သဒ္ဒါကြီးနိဿယလက်ဆောင်

၃။ အရှင်စန္ဒဇောတိ အာဂုံဆောင်ကစ္စည်းသဒ္ဒါ

ရောက်ရှိသူပေါင်း :121

Leave a Reply

Your email address will not be published. Required fields are marked *